လူတစ်ယောက်ရဲ့ အဝတ်အစားကို ကြည့်ပြီး ယဉ်ကျေးမှု မရှိဘူးလို့ တသမတ်တည်းကောက်ချက်ဆွဲလို့ မရပါ။ ယဉ်ကျေးမှုရဲ့ သဘောက ကျယ်ပြန့်ပါတယ်။
လူတစ်ဦချင်းအရ ယဉ်ကျေးမှုကို တိုင်းတာရင် ယဉ်ကျေးတဲ့လူမှာ
ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတ၊ လူမှုဆက်ဆံရေး အပြုအမူ၊ ယုံကြည်မှု (သို့)
ကိုးကွယ်မှု စတာတွေနဲ့ တိုင်းတာနိုင်တယ်။
လူ့အဖွဲ့အစည်းအလိုက်ဆိုလည်း အနုပညာ၊ စာပေ၊ ဘာသာစကား၊ ကိုယ်ကွယ်
ယုံကြည်မှု၊ သမိုင်း စတာတွေကို ကြည့်ပြီး ယဉ်ကျေးမှုမြင့်တယ်၊ နိမ့်တယ်
ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ဘုံတူညီတဲ့ တန်ဖိုး၊ ရည်မှန်းချက်၊ လူမှုဆက်ဆံရေး
အပြုအမူ၊ လူမှုဆက်ဆံရေး လုပ်ထုံးလုပ်နည်း၊ ဓလေ့ စတာတွေကို အခြေခံပြီး
လူအဖွဲ့အစည်းတစ်ခုရဲ့ ယဉ်ကျေးမှုလို့ သတ်မှတ်ကြတာပါ။
လူတစ်ယောက်ရဲ့ အဝတ်အစားကို ကြည့်ပြီး ပိုပြီး
တသမတ်တည်းကောက်ချက်ဆွဲလို့မရတာက အကျင့်စာရိတ္တပါ။ အကျင့်စာရိတ္တဟာ
လူတစ်ယောက်ရဲ့ လူပီသတဲ့ အကျင့်၊ စရိုက်၊ အပြုအမူ နဲ့ လူအဖွဲ့အစည်းမှာ
ရှိတဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို လေးစားလိုက်နာမှုနဲ့ ပိုသက်ဆိုင်ပါတယ်။
ဗုဒ္ဓဟောတဲ့
သဒ္ဒါ – ကိုးကွယ်ယုံကြည်မှုရှိခြင်း၊
သီလ – ကိုယ်၊ နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း၊
စာဂ – ပေးကန်းစွန့်ကြဲခြင်း၊
သုတ – အကြားအမြင် ဗဟုသုတများခြင်း၊
ပညာ – အမှန်ကိုသိခြင်း၊
ဟီရိ – မကောင်းမှုပြုရမှာကို ရှက်ခြင်း၊
သြတ္တပ – မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်း ဆိုတဲ့
သူတော်ကောင်းဥစ္စာ ခုနှစ်ပါးတရားနဲ့လည်း ယဉ်ကျေးမှု၊ အကျင့်စာရိတ္တကို ဖော်ညွှန်းနိုင်ပါတယ်။
ကိုယ်၊ စိတ်၊ နှလုံး စောင့်ထိန်းခြင်းမှာ အဝတ်အစားဆင်ယင်မှုပါတယ် ဆိုတာ
မှန်ပါတယ်။ ဒါပေမယ့် ဘုရားသွား၊ ကျောင်းတက် လုပ်တဲ့နေရာမှာ ဝတ်ဆင်တဲ့
ဆင်ယင်မှုနဲ့ ပျော်ပွဲ၊ ရွှင်ပွဲ သွားတဲ့နေရာမှာ ဆင်ယင် ထုံးဖွဲ့မှုဟာ
မတူညီနိုင်ပါ။ လူတွေဟာ နေရာ၊ဌာန၊ ရာသီဥတု အပေါ်မူတည်ပြီး လိုက်လျောညီထွေ
ပြောင်းလဲ ဝတ်စားဆင်ယင်လေ့ရှိကြတာ သဘာဝ ပါ။
ပျော်ပွဲ၊ ရွှင်ပွဲမှာ အပျော်ကနေ အပျက်မဖြစ်အောင်
ထိန်းသိမ်းတည့်မတ်ပေးဖို့က အဝတ်အစားတစ်ခုတည်းချည်း ဇောင်းပေးလို့မရပါ။
ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားမှု၊ မူးရစ်ရမ်းကားမှု
စတာတွေကို ဖြောင့်မတ် မှန်ကန်တိကျတဲ့၊ တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့
ထိန်းချုပ်နိုင်မှု၊ ကောင်းမွန် မှန်ကန်တဲ့ အသိပညာပေးနိုင်မှု၊
လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ တိုင်းပြည်အတွက် ပိုမိုအရေးကြီးတဲ့
အခန်းကဏ္ဍတွေကို ထိထိရောက်ရောက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့
ဝေဖန်ထောက်ပြတာက ပိုသင့်လျော်မယ် ထင်ပါတယ်။
ခေတ်ရဲ့ ဝတ်စားဆင်ယင်မှုဟာ ခန္ဓာကိုယ်ဖော်ပြမှု အသားပေးပြီးလျှပ်ပေါ်လော်လည်
(လီ) လာနေတယ်လို့လည်း ဆိုမရပါ။ ရင်သား၊ပေါင်တံ စတဲ့ ကိုယ်ခန္ဓာကို လှစ်ဟာ
ဖော်ပြတဲ့ စွဲဆောင်မှုရှိစေတဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်း
စရှိကတည်းက (ဗမာပြည်နဲ့ ပြောရင် ပျူခေတ်၊ ပုဂံ ခေတ်လို ခေတ်တွေကတည်းက)
ခေတ်အလိုက် ပုံစံ ကွဲပြားပေမယ့် ကိုယ်ခန္ဓာအလှ ပေါ်လွင်စေတယ်ဆိုတဲ့ သဘောက
ခေတ်အဆက်ဆက် ထွန်းကားတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပုံစံတွေမှာ ပါမြဲ
ဖြစ်တယ်။
လူတစ်ယောက်ရဲ့ အဝတ်အစားဝတ်ဆင်မှုနဲ့ ဘယ်လိုမှ မပတ်သက်ဆုံး ကိစ္စကတော့
လူတစ်ဦးချင်းရဲ့ လွတ်လပ်ပိုင်ခွင့်၊ အခွင့်အရေးကို အာမခံတဲ့ ဒီမိုကရေစီ
စနစ်ပါ။ ဒီမိုကရေစီ စနစ်က အာမခံတဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်မှာ တရား၊
ဥပဒေကို လေးစားလိုက်နာမှု၊ လူတစ်ဦးချင်းစီရဲ့ တာဝန်ယူမှုက တွဲပါရပါတယ်။
ကိုယ်ရဲ့ ဝတ်စားဆင်ယင်မှု (အပြောအဆို၊ အနေအထိုင်၊ အပြုအမူ အားလုံးပါ ပါတယ်) က
လူတစ်ဘက်သားကို အနှောင့်အယှက်မဖြစ်စေရ၊ မထိခိုက်စေရ ဆိုတာ ဒီမိုကရေစီ
လူဘောင်အဖွဲ့အစည်းမှာ ရှိတဲ့ လူတိုင်းက လိုက်နာရတဲ့ လူ့ကျင့်ဝတ်ဖြစ်သလို
မဖြစ်မနေလုပ်ဆောင်ရတဲ့ တာဝန်၊ ဝတ္တရားလည်း ဖြစ်တယ်။ ဝတ်စုံပြည့်ဝတ်ရမယ်လို့
သတ်မှတ်ထားတဲ့ စားသောက်ဆိုင်မှာ သတ်မှတ်ထားတဲ့ ဝတ်စုံနဲ့မှ စားသောက်ခွင့်
ရှိသလို၊ အဝတ်ဗလာ တွေပဲ လာရောက်ခွင့် ရှိတဲ့ ကမ်းခြေမျိုးမှာလည်း
အဝတ်အစားမပါ၊ အဝတ်မဲ့ နေနိုင်မှ ဝင်ရောက်ခွင့်ရသလိုမျိုးပါ။
ခေတ်သစ် ကမ္ဘာရဲ့ နည်းပညာ၊ ဆက်သွယ်ရေး တိုးတက်ဖြစ်ထွန်းမှုလာမှုနဲ့ အတူ
ကမ္ဘာတစ်ခုလုံးရဲ့ ကူးလူးဆက်ဆံ၊ စီပွားလုပ် စတဲ့ ထိတွေမှုတွေဟာ လျင်မြန်
မြန်ဆန်၊ ကျယ်ပြန့် လာရုံမက တစ်နေ့ထက် တစ်နေ့လည်း ပိုများလာနေတယ်။
လူ့အဖွဲ့အစည်း အသီးသီးမှာ ရှိနေတဲ့ လူတွေရဲ့ အတွေးခေါ်၊ ဓလေ့ထုံစံ၊ အပြုအမှု၊
အစားအသောက် တွေဟာ ကူးလူးစပ်ယှက် ပြောင်းလဲလာတာများသလို ဝတ်စားဆင်ယင်မှု
ဓလေ့တွေကလည်း ပြောင်းလဲလာပြီး လူအဖွဲ့အစည်းတစ်ခုတည်းရဲ့ ဝတ်ဆင်မှု ဓလေ့၊
ယဉ်ကျေးမှုအတိုင်း မဟုတ်တော့ဘဲ၊ ယဉ်ကျေးမှုပေါင်းစုံရဲ့
ဝတ်ဆင်မှုအဖြစ်ပြောင်းလဲလာတာ၊ တနည်းအားဖြင့် ကမ္ဘာပိုဆန်လာတယ် ဆိုတာ သဘာဝ
ပါလို့ လက်ခံနိုင်ရပါမယ်။
လူအဖွဲ့အစည်းတစ်ခုရဲ့ အပေါ်ယံ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာတာကို
ပြစ်တင်ဝေဖန်နေမယ့်အစား လူအဖွဲ့အစည်းပေါင်းစုံက လက်ခံနိုင်တဲ့
(လက်ခံထားတဲ့) ယဉ်ကျေးမှု ရှိသူ၊ လူယဉ်ကျေးလို့ သတ်မှတ်စေတဲ့၊
ဘုရားဟောနဲ့လည်းညီတဲ့ မကောင်းမှု ဒုစရိုက်ပြုရမှာကို ရှက်ကြောက်လာစေခြင်း၊
တရားဥပဒေ၊ ကျင့်ဝတ် စည်းကမ်း ကို လေးစာလိုက်နာလာစေခြင်း၊ အကြားအမြင်
ဗဟုသုတများ၊ အကျိုးအကြောင်း ပညာကြီးပြီး အမှန်ကို သိလာစေခြင်း၊
လူ့ကျင့်ဝတ်ကို သိတဲ့၊ လူပီသတဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ ဓလေ့စရိုက်
တို့ကို ထွန်းကားစေခြင်း၊ စတဲ့ အတွင်း စိတ် သဏ္ဍာန် ရိုးသား၊ စင်ကြယ်၊
ဖြောင့်မတ်၊ မှန်ကန်မှုကို ဦးစားပေးပြီး စာရိတ္တ မဏ္ဍိုင်
တိုးတက်ဖွံ့ဖြိုးဖို့စေဖို့ မိမိကိုယ်တိုင်က (တစ်ဦးချင်း)
နေထိုင်ကျင့်ကြံသွားနိုင်မှ မိမိ ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းတဲ့၊
ယဉ်ကျေးမှုပေါင်းစုံကိုလည်း လေးစားလက်ခံနိုင်တဲ့ ပိုမိုကောင်းမွန်လှပတဲ့
အနာဂတ်ရှိတဲ့ လူအဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ။
ငြိမ်းချမ်းအေး
၁၅၊ ဧပြီ၊ ၂၀၁၂
ဖြူးမြို့ မှထပ်ဆင့်ကူးယူလာပါသည်။
Subscribe to:
Post Comments (Atom)
စံပြုအချက်အလက်များ android application
စံပြုအချက်အလက်များစာအုပ်ပါ android application ပြုလုပ်ပေးထားပါသည် အောက်ကလင့်များမှဒေါင်းနိုင်ပါတယ် https://play.google.com/store/apps/deta...
-
Mary P. Follett's four main principles of coordination are discussed below :- 1. Principle of Early Stage According ...
-
လတ်တလော ကွန်မကောင်းတာတပိုင်း မအားတာရောကြောင့် ပို့စ်အသစ်များမတင်နိုင်ခဲ့ပါ အခုတော့ ဒီ Android markets လေးတွေကတဆင့် ကိုယ်...
-
စာအုပ် ၀ါသနာအိုးတွေ အတွက် ..ဖတ်ချင်သမျှ စာအုပ် အားလုံး နီးပါး ဖတ်ရမယ် မာတိကာ သို့မဟုတ် ရှာဖွေရန်(အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီ...
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...