သားအိမ်ခေါင်းကင်ဆာရောဂါ
သားအိမ်ခေါင်းကင်ဆာ ရောဂါသည် ကာကွယ်နိုင်သောရောဂါဖြစ်သည်။ သားအိမ်ခေါင်းဝ အရည်ကြည်ကို စစ်ဆေး၍ စောစီးစွာသိလျှင် လုံးဝပျောက်ကင်းအောင် ကုသနိုင်သောရောဂါ ဖြစ်သည်။ အသက်(၃၅)နှစ်အထက် အိမ်ထောင်ရှိသူ အမျိုးသမီးတိုင်း ယင်းစစ်ဆေးမှုကို ပြုလုပ် သင့်ပါသည်။
သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်သည့် အကြောင်းအရာများ
• အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံမှုပြုဖူးသူ အမျိုးသမီးများ
• လိင်ဆက်ဆံဖက်များသူများ
• လိင်နှင့်ပတ်သက်သော ရောဂါများရှိသည့် ယောက်ျားနှင့် လိင်ဆက်ဆံသူ
• သန္ဓေတားဆေးများ ကြာရှည်စွာသောက်သုံးသူများ
• သားသမီးများများ မွေးဖူးသူများ
• ဆေးလိပ်သောက်သော အမျိုးသမီးများ
• မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့များပေါက်ခြင်း၊ ရေယုန်ပေါက်ခြင်း
ရောဂါလက္ခဏာများ
• အဖြူဆင်းခြင်း
• ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
• ဆီးစပ်နှင့် ခါးနာကျင်ကိုက်ခဲခြင်း
• လိင်ဆက်ဆံမှုပြုပြီးပါက သွေးဆင်းခြင်း၊ နာကျင်ခြင်း
• ဆီးသွားခြင်းနှင့် ပတ်သက်၍ အခက်အခဲဖြစ်ခြင်း (ဆီးထဲသွေးပါခြင်း၊ ဆီးသွားရခက်ခဲခြင်း)
ကာကွယ်နိုင်မည့် နည်းလမ်းများ
• အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံမှုမပြုရန်
• တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးသဖြင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်း သန့်ရှင်းရေး ဂရုပြုရန်
• လိင်ဆက်ဆံဖက်မများရန်
• ဆေးလိပ်မသောက်ရန်
• စားသုံးသော အစားအစာတွင် ဗီတာမင်အေ၊ ဗီတာမင်စီ နှင့် အခြားဗီတာမင် ချို့တဲ့မှုမရှိအောင် စားသုံးရန်
• ရောဂါရှိ၊ မရှိ ကြိုတင်စမ်းသပ်ခြင်း
သားအိမ်ခေါင်းကင်ဆာဖြစ်ရန် နှစ်ပေါင်းများစွာ ကြာမြင့်ပါသည်။
အသက်(၂၀)နှစ်နှင့် အသက်(၆၀)နှစ်အကြား လိင်ဆက်ဆံမှုရှိသူတိုင်း တစ်နှစ် တစ်ကြိမ် (၃)နှစ်ဆက်တိုက် စစ်ဆေး၍ ရောဂါမရှိပါက နောက်ပိုင်း (၃)နှစ် တစ်ကြိမ် စမ်းသပ်ရန်လိုပါသည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...