ဆရာဝန်တွေပြုလုပ်နေသော အမှားသုံးခု
ဆရာဝန်တွေ သူတို့ကိုယ်သူတို့ စိတ်ဖိစီး၊ ပင်ပန်းနွမ်းနယ်ပြီး ထောင်းထောင်းကြေအောင် ပြုလုပ်နေမိသော အမှားကြီး သုံးခု ရှိပါတယ်။
အလုပ်တွေအများကြီးကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင် လုပ်ရခြင်းဟာ ဆရာဝန်ဖြစ်ရခြင်းရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ဆရာဝန်အများစုက လက်ခံယူဆထားကြပါတယ်။ စထရက်စ် (Stress) တွေ တအားများတယ်၊ အလုပ်တွေ မပြီးသေးဘူး၊ လုပ်ချင်တာတွေလုပ်ဖို့ အချိန်မရှိဘူး ဆိုတာတွေဟာ ဆရာဝန်တွေရဲ့ လက်သုံးစကားပါ။ သူတို့ဟာ အလုပ်ချိန်ပြင်ပမှာရှိတဲ့ သူတို့ရဲ့ ဘဝကို လျစ်လျူရှုထားကြပါတယ်။ ဆေးပညာက သူတို့ရဲ့ ဘဝတွေကို လွှမ်းမိုးသိမ်းပိုက်ထားပါတယ်။ သူတို့ မသိမသာ လုပ်မိနေကြတဲ့ အမှားကြီး သုံးခုကတော့ …
(၁) ကိုယ့်ရဲ့ကျန်းမာရေးကို လျစ်လျူရှုခြင်း
ဆရာဝန်တွေလည်း လူတွေဖြစ်တဲ့အတွက် ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသောက်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို အချိန်မှန်မှန် ပြုလုပ်ပေးခြင်း၊ သဘာဝတရားကို ခံစားခြင်း၊ တရားထိုင်ခြင်း၊ ဘာသာရေးပြုလုပ်ခြင်း စတာတွေဟာ လူနာတွေကို ပြောပြီး ဆရာဝန်တွေ မလုပ်ဖြစ်တဲ့ အရာတွေ ဖြစ်ပါတယ်။
အပေါစားအညံ့စား အစားအစာတွေ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းကို ဘယ်တော့မှ မပြုခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း တို့ပြုလုပ်ပြီး လှပတဲ့ နေဝင်ချိန်နဲ့ ကမ်းခြေက ရေလှိုင်းလေးတွေကို ဘယ်တော့မှ ခံစားမကြည့်ဘူးဆိုရင် အမြဲကျန်းမာနေဖို့ မျှော်လင့်လို့ မရပါဘူး။
ဆရာဝန်တွေဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကျန်းမာမှ လူနာတွေကို ကောင်းမွန်စွာ ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ်လမ်းလျှောက်ခြင်း၊ အချိန်မှန်မှန် ထမင်းစားခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများကို ရှောင်ကျဉ်ခြင်း၊ သဘာတရားနဲ့ ထိတွေ့ဆက်ဆံမိဖို့ အိမ်အပြင်ထွက်ပေးခြင်း စသည်တို့ဖြင့် ကျန်းမာရေးကောင်းအောင် စတင်လုပ်ဆောင်နိုင်ပါတယ်။
(၂) မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများအား လျစ်လျူရှုခြင်း
မိတ်ဆွေအပေါင်းအသင်း မိသားစုဝင်များနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် အချိန်မပေးနိုင်တာဟာ ဆရာဝန်တွေရဲ့ အားနည်းချက်ပါ။ မိမိမိတ်ဆွေတစ်ယောက်ဟာ ဆရာဝန်ဖြစ်နေပြီ၊ မိမိ မိသားစုဝင်တစ်ယောက်ဟာ ဆရာဝန်ဖြစ်နေပြီဆိုရင် ဒီလို ဒုက္ခတွေကို ကြုံတွေ့ရလာနိုင်ပါတယ်။ ဆရာဝန်တွေဟာ မိမိရဲ့ ပတ်ဝန်းကျင်က လူတွေကို ပစ်ပယ်မထားသင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေးဝန်ဆောင်မှု အလုပ်မှာ တိုးတက်မှုရှိသည်ဖြစ်စေ၊ ဆုတ်ယုတ်မှုရှိသည်ဖြစ်စေ အတူတကွ ခံစားနားလည်ပေးမှာက မိမိရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို လျစ်လျူရှုမထားပါနဲ့။ ရေမြေခြား ဝေးကွာနေရင်တောင် ဖုန်း၊ အင်တာနက်တို့နဲ့ အဆက်အသွယ် လုပ်ပေးပါ။
(၃) အနားမယူခြင်း
လူတစ်ယောက်ဟာ စက်ရုပ်တစ်ရုပ်မဟုတ်ပါဘူး။ အနားယူဖို့၊ အပန်းအဖြေဖို့၊ ခွန်အားတွေ ပြန်လည်ဖြည့်တင်းပေးဖို့ အနားယူဖို့ လိုအပ်ပါတယ်။ အလုပ်တွေ အများကြီးလုပ်ပြီးတဲ့အခါ ခဏတဖြုတ် အနားယူလိုက်ခြင်းအားဖြင့် ပြန်လည်လန်းဆန်းလာပြီး အလုပ်တွေကို စွမ်းအင်မြင့်မြင့်နဲ့ ပြန်လည် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ခဏတဖြုတ် အနားပေးတဲ့အခါ အချိန်အများကြီး မကုန်အောင် လုပ်လို့ ရပါတယ်။
- လူနာတစ်ယောက်ကြည့်ပြီးလို့ နောက်တစ်ယောက်ဝင်မလာခင်မှာ မျက်လုံးကို မှိတ်ပြီး ခဏ အနားယူပါ။ အသက်ကို မှန်မှန်ရှုပါ။ စိတ်ဖိဆီးမှု လျော့နည်းသွားပြီး ပြန်လည်လန်းဆန်းလာပါလိမ့်မယ်။
- တစ်နေ့တာ အလုပ်ချိန်အတွင်း နေ့လည်နေ့ခင်းရောက်တဲ့အခါ လူနာကြည့်တဲ့ ရုံးခန်းကနေ ဝေးရာကို မိနစ် ၂၀ ခန့်ထွက်သွားပါ။ အနီးအနားမှာ ပန်းခြံ ဒါမှမဟုတ် စမ်းချောင်းတစ်ခုုခုရှိနေရင် ၄င်းနေရာတွေမှာ လမ်းလျှောက်ပါ။ ဘာမှမရှိရင်လည်း ပတ်ဝန်းကျင်မှာ ဟိုဟိုသည်သည် မိနစ် ၂၀ ခန့် လမ်းလျှောက်ပါ။ သင့်အတွက် ခွန်အားအသစ်တွေ ပြန်လည် ရရှိလာပါလိမ့်မယ်။
- တစ်ပါတ်ကို တစ်ခါ ရုပ်ရှင်ရုံသွားပါ။ တစ်ယောက်တည်းဖြစ်ဖြစ်၊ အဖော်နဲ့ ဖြစ်ဖြစ် သွားဖြစ်အောင် သွားပါ။ သင့်အတွက် လန်းဆန်းမှုတွေ ရရှိစေပါလိမ့်မယ်။
- တစ်နှစ်ကို တစ်ခါလောက် ရက်အနည်းငယ်ကြာအောင် ခရီးထွက်ပါ။ သင်တစ်ခါမှ မရောက်ဖူးတဲ့နေရာကို သွားပါ။ သင်မယုံကြည်နိုင်လောက်အောင် လန်းဆန်းတက်ကြွတဲ့ အားအင်တွေ ပြန်လည် ပြည့်ဝလာပါလိမ့်မယ်။
- လေ့လာရေးခရီးတွေ ထွက်ခွင့်ကြုံလာပြီဆိုရင်တော့ လနဲ့ချီပြီးတော့ကြာအောင်ကို ခရီးထွက်ပစ်လိုက်ပါ။ သင်ကိုယ်တိုင်မသိတဲ့ အခြားတစ်ယောက်ဖြစ်သွားစေလောက်အောင် ပြောင်းလဲသွားပါလိမ့်မယ်။
ဇော် (ဆေး-၂) ကျန်းမာရေးမဂ္ဂဇင်း- 18.10.2014
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...