အဆုတ်ကင်ဆာ
အဆုတ်ကင်ဆာသည် မြန်မာနိုင်ငံတွင် အမျိုးသားများ၌ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အမျိုးသမီးများတွင် တတိယအများဆုံး ကင်ဆာ ဖြစ်သည်။ ကင်ဆာဖြင့် သေဆုံးသူ (၅)ယောက်တွင် (၁)ယောက်မှာ အဆုတ်ကင်ဆာကြောင့်ဖြစ်သည်။ အဆုတ်ကင်ဆာ ဖြစ်ပွားမှု၏ (၈၅%)မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်သောသူသည် မသောက်သောသူထက် (၁၅) ဆ မှ (၂၅) ဆ ပို၍ အဆုတ်ကင်ဆာဖြစ်ရန် အလားအလာရှိပါသည်။
အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းများ
• ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေသော အရေးကြီးဆုံး အကြောင်းတစ်ရပ် ဖြစ်သည်။ ကာလကြာရှည်စွာ ဆေးလိပ် သောက်ခြင်း၊ သောက်သုံးသည့် ဆေးလိပ်အရေအတွက်များခြင်း၊ သောက်သုံးသည့်ဆေးလိပ်တွင် ကတ္တရာနှင့် နီကိုတင်းများခြင်းသည် အဆုတ်ကင်ဆာဖြစ်စေသည်။ စီးကရက်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်စေနိုင်ပါသည်။
• အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်မှု၊ ဓါတ်ပစ္စည်း၊ ဓါတ်သတ္တုများနှင့် ထိတွေ့ခြင်းတို့ကြောင့် ကင်ဆာဖြစ်ရန် အလားအလာ ပိုမိုများပြားစေပါသည်။ ဥပမာ- ကျောက်မီးသွေးဓာတ်ငွေ့၊ ကရိုမိတ်၊ နီကယ်၊ အာဆင်းနစ်၊ ဗီနိုင်ကလိုရိုက်၊ မတ်စတတ်ဓါတ်ငွေ့၊ ဓါတ်ရောင်ခြည်ထွက်ပစ္စည်းများ တူးဖော်ခြင်း၊ မီးခံပြားမှုန့်နှင့် ထိတွေ့သူများသည် ဆေးလိပ်သောက်သော အလေ့အကျင့်ရှိပါက အဆုတ်ကင်ဆာဖြစ်ရန် အဆပေါင်း(၆၀) ပိုမိုဖြစ်စေပါသည်။
• မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း မိမိခင်ပွန်းသောက်သော ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသော အမျိုးသမီး (၁၀)ယောက်အနက်
(၅) ယောက်ခန့်တွင် အဆုတ်ကင်ဆာရောဂါဖြစ်ရန် အလားအလာရှိသည်။
• ယခင်က အဆုတ်တွင် တီဘီရောဂါဖြစ်ဖူးသူများသည် အမာရွတ်များ ကျန်ခဲ့ပါသည်။ ၎င်းတီဘီအမာရွတ်များမှ ကာလကြာသောအခါ အဆုတ်ကင်ဆာ ဖြစ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
• အဆက်မပြတ်ချောင်းဆိုးခြင်း
• အသက်ရှူမဝခြင်း
• သလိပ်ထဲတွင် သွေးစများပါခြင်း
• ရင်ဘတ်အောင့်ခြင်း
• မကြာခဏ အဆုတ်အအေးမိခြင်း၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
• အဆုတ်ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောက်ရှိပါက ၎င်းရောက်ရှိသည့် နေရာအလိုက် ရောဂါလက္ခဏာများ ပြပါသည်။ (ဥပမာ- အကျိတ်များသို့ရောက်လျှင် အကျိတ်များကြီးခြင်း၊ အသည်းသို့ရောက်လျှင် အသည်းကြီးခြင်း)
အဆုတ်ကင်ဆာရောဂါဖြစ်ရန် (၁၀)နှစ်မှ အနှစ်(၂၀)ကြာတတ်၍ လူလတ်ပိုင်းနှင့် လူကြီးပိုင်းတွင် အများအားဖြင့်တွေ့ရပါသည်။ အဆုတ်ကင်ဆာ ဖြစ်သောအခါ အသက်ရှူလမ်းကြောင်းရှိ ကလာပ်စည်းများ အထိန်းအကွပ်မဲ့ပွားများသဖြင့် အကျိတ်အဖုဖြစ်လာသည်။ ကင်ဆာကလာပ်စည်းများ တခြားခန္ဓာကိုယ် အစိတ်အပိုင်းများသို့ လျင်မြန်စွာ ပြန့်သွားတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆုတ်တွင် သွေးကြောနှင့် ပြန်ရည်ကြောများ များပြားသောကြောင့် ဖြစ်ပါသည်။ ပြန်ရည်ကြောမှ ပြန့်လျှင် အကျိတ်များကြီးလာ၍ သွေးကြောမှ ပြန့်လျှင် အသည်း၊ အရိုး၊ ဦးနှောက်နှင့် အခြားအဆုတ်ဘက်သို့ ပြန့်သွားနိုင်ပါသည်။
အဆုတ်ကင်ဆာရောဂါမဖြစ်ရန် အကောင်းဆုံး ကာကွယ်နည်းမှာ ဆေးလိပ်လုံးဝ မသောက်ရန်ပင်ဖြစ်သည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...