အဲဒီဆောင်းကို ထိုးဖောက်လိုက်တဲ့အသံက
အံကြိတ်ရင်း တောက်ခတ်လိုက်တဲ့ ဖေဖေ့ဆီကလာတယ်..
စူးစူးရှရှအော်ရင်း ငိုကြွေးလိုက်တဲ့ မေမေဆီကလာတယ်...
အမြင်ရိုင်းပုံရိပ်တွေရဲ့  ပြောင်းလဲခြင်းကြောင့် ညီလေးဆီကလာတယ်...
ဒါက လူမျိုးခြင်းမျိုးဖြုတ်တဲ့ သွေးစက်တွေကြောင့် မိုးမင်းငိုသံပေါ့.....
နာဂ၊ကွတ်ကီး(ထာဒို)၊ကသည်း
သုံးပွင့်ဆိုင် ဇာတ်လမ်းထဲမှာ
ဖေဖေလည်း လူကြမ်းဖြစ်ခဲ့တယ်
ကျွန်တော်လည်း ဇာတ်ပို့ ဖြစ်ခဲ့တယ်
မင်းသားတွေ အလီလီပြောင်းရင်း
ဒီကားထုပ်ကို ဆက်ကနေကြတာပါ....
သွေးချောင်းစီးတာကို မမြင်ဘူးသူတွေကတော့
လက်ခုပ်တီးပြီး ရယ်နိုင်ကြမှာပေါ့လေ
သေခြင်းတရားကို ရင်ဆိုင်တဲ့မျက်လုံးခြင်းတူသော်
ခံစားချက်အတိမ်အနက်က
ဓားဆိုတဲ့အရာနှင့် သေနတ်ဆိုတဲ့အရာ ကြားမှာ
အလွန်ခြားနားခဲ့ပါတယ်....
သူတစ်ပြန် ငါတစ်လှည့် သတ်ကြရင်း
ကျွန်တော့်သူငယ်ချင်းတွေလည်းသေခ
ကျွန်တော့် ဘ၀လည်းသေခဲ့ဖူးတယ်...
သတ္တိဆိုတဲ့အရာက
ခံနိုင်ရည်ဆိုတာကို မသိနိုင်တဲ့အရွယ်ဆိုတော့လည်း
အလောင်းေ၇ရတာကို ပျော်တတ်ခဲ့တယ်....
မြေပြင်ရဲ့  လှည့်စားတတ်တဲ့မာယာအောက်မှာ
ခြေသုံးလှမ်းနှင့် နိုင်ငံခြားကို ရောက်ဖူးတယ်...
ကြာခဲ့ပါပြီလေ...
နှလုံးသားက ဒဏ်ရာတွေကျက်တော့မယ်ဆိုမှ
အနောက်ဖျားက ငိုသံတွေကိုကြားရပြန်တယ်
တကယ်ဆို
စစ်ဆိုတဲ့အရာအတွက်
ကျွန်တော်တို့ ပေးခဲ့ရတာ ပြန်မရနိုင်တဲ့အသက်တွေပါ.....
သမိုင်းဆိုတာ
မှတ်တမ်းတင်သူမရှိပေမဲ့
ခံစားသူတွေရဲ့ နှလုံးသားမှာ ကျန်ခဲ့တဲ့အရာပါ..
ဘယ်သူကိုမှ ပြန်ပြောစရာမလိုဘူး
သေရာပါအဖြစ်အပျက်တွေကို
အိမ်မက်ထဲမှာ မက်နေသမျှ
မျိုးဆက်လက်ဆင့်ကမ်းကြလေရဲ့ ....
ပြီးသွားပါပြီ
ဟုတ်ပါတယ်..
ယခုပြီးသွားပါပြီ....
ဖခင်မဲ့သွားတဲ့သားတစ်ယောက်ကတော့
မီးတောင်တစ်လုံးကို ရင်ဘတ်ထဲထည့်ပြီး
ဘ၀ခရီးကို လျှောက်နေဦးမယ်......
အခွင့်သင့်လို့ 
အခါကြုံတဲ့အခါ....
မီးတောင်ဆိုတာ ပေါက်ကွဲစရာဖြစ်လာတယ်......
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...