ဂျပန်ဦးနှောက်ရောင်ရောဂါ
ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ပြန့်ပွားပုံ
• ဝက်နှင့်ရေတွင်ကျက်စားသည့် တောငှက်ရိုင်းများတွင် ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်(စ်)ပိုးများ ခိုအောင်းပေါက်ပွားပါသည်။
• ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်(စ်)ပိုးပါသည့် ကျူးလက်(စ်)ခြင်ကိုက်ခံရခြင်းမှတဆင့် လူများအား ရောဂါကူးစက်ပြန့်ပွားနိုင်ပါသည်။
• လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်ပါ။
ဂျပန်ဦးနှောက်ရောင် ရောဂါလက္ခဏာများ
ရောဂါကူးစက်ခံရသူအများစုသည် ရောဂါလက္ခဏာများ မပြကြပါ။ ပျှမ်းမျှအားဖြင့် ရောဂါပိုးကူးစက်ခံရသူ (၂၅၀) တွင် (၁)ဦးသာ ရောဂါ လက္ခဏာများ ရှိကြပါသည်။
ကနဦးလက္ခဏာများ
• ရုတ်တရက်အဖျားကြီးခြင်း
• ခေါင်းကိုက်ခြင်း
• မောပန်းပြီးနုံးခြင်း
• ပျို့ခြင်း
• အန်ခြင်း
ရောဂါဖြစ်ပွားစတွင် ကလေးများသည် ဗိုက်နာခြင်းလက္ခဏာများကို ထင်ရှားစွာ ခံစားကြရပါသည်။
နောက်ဆက်တွဲလက္ခဏာများ
• လည်ပင်းတောင့်တင်းခြင်း
• စိတ်ရှုပ်ထွေးခြင်း
• သတိလစ်ခြင်း
• မူးဝေအိပ်ငိုက်ခြင်း
• လှုပ်ရှားမှုမမှန်ခြင်းနှင့်
• တက်ခြင်း စသည်တို့ ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။
အသက် (၁၀)နှစ်အောက်ကလေးငယ်များတွင် ပြင်းထန်သောရောဂါဖြစ်ပွားမှု များပြားပြီး သေဆုံးမှုနှုန်းများပါသည်။ ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ (၂၀) မှ (၃၀) ရာခိုင်နှုန်းထိ အသက်သေဆုံးနိုင်ပါသည်။ အသက်ရှင်ကျန်ရစ်သူများမှ ထက်ဝက်
နီးပါးခန့်တွင် အကြောသေခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းများ ဖြစ်စေနိုင်ပါသည်။
ရောဂါကူးစက်ပုံ
• ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတွင်နားခိုကျက်စားသည့် တောငှက်ရိုင်းများနှင့် ဝက်များကို ရောဂါပိုးကူးစက်ဝင်ရောက်သည်။ ဝက်များသည် ရောဂါပိုး လက်ခံသိုလှောင်ရာတိရိစ္ဆာန်ဖြစ်သည်။
• ရောဂါပိုး သယ်ဆောင်သော ခြင်များမှတဆင့် ကူးစက်ပျံ့နှံ့သည်။
• ဆည်မြောင်းရေသွင်း စိုက်ပျိုးသောနေရာများတွင် ခြင်ပေါက်ပွားသောကြောင့် တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည်။ သို့သော် မိုးရာသီ ကာလတွင် အများဆုံး ဖြစ်ပွားတတ်သည်။
• ကျေးလက်နေလူထုများ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးသူများတွင် ဖြစ်ပွားမှုများပြားသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
• ကာကွယ်ဆေးထိုးခြင်းသည် တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ထိန်းချုပ်ရေးနည်းလမ်း ဖြစ်ပါသည်။
• ဂျပန်ဦးနှောက်ရောင် ရောဂါပိုး သယ်ဆောင်သောခြင်များသည် ညနေစောင်း နေဝင်ရီတရောတွင် ကိုက်လေ့ရှိသောကြောင့် ကလေးများကို ခြင်ထောင်ဖြင့် အိပ်စေခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
ကာကွယ်ဆေးထိုးသင့်သူများ
• ရောဂါကူးစက်ဖြစ်ပွားလွယ်သည့်နေရာများသို့ ခရီးသွားမည့်သူများသည် ခရီးမထွက်မီ (၁)လအလို ကြိုတင်ကာကွယ်ဆေးထိုးနှံ သင့်ပါသည်။ ကာလရှည်ခရီးထွက်သူများ၊ မကြာခဏခရီးသွားသူများ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကပ်အသွင်ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားသူများနှင့် ကျေးရွာကို လည်ပတ်သူများမှာ အဓိက ထိုးနှံသင့်ပါသည်။
• အသက် (၉)လအရွယ်မှစ၍ လူကြီးများ၊ လူငယ်များအားလုံး ကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။

No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...