ဘယ်လောက်များ အထားအသိုလွဲသလဲ
သံယောဇဉ်က သက္ကရာဇ် နှင့်လိုက်ပြီး
မကြီးထွားနိုင်ဘူး....
ရေကြည်ရာမျက်နုရာ စိတ်တွေလေလာတိုင်း
အတိတ်သာ ရင်ထဲဝုန်းဒိုင်းကြဲဝင်လာတယ်
တံတိုင်းအထပ်ထပ်ဆိုပေမဲ့
လမ်း၃၀..၇၄တစ်ဝှိက်မှာ
ခြေရာတွေပြန်ရှာတတ်တာကို မုန်းတယ်..
ကျောင်းတော်ကြီးကစာတန်းပြောင်းသွားပေမဲ့
ရင်ဘတ်ထဲမှာ အလွမ်းကတနင့်တပိုးမပြောင်းလဲဘူး
ငါက လူမိုက်သက်သက်ပါ
တစ်ခါတစ်ခါ သူရဲကောင်းလည်းဖြစ်ချင်တယ်လေ
တေလေတစ်ယောက်ရဲ့ကတိအဆုံးမှာ
ကိုယ်တိုင်သုံးတဲ့ဓားနှင့်ပဲ
ကိုယ့်ရင်ကိုယ်ခွဲပြီးလွမ်းတယ်...
လှည့်မကြည့်တာမဟုတ်ပါဘူး
လှည့်ဖို့မစွမ်းသာခဲ့တဲ့နွား
တံပိုးဖျားမှာ အခါခါကျရှုံးတယ်...
အတိုင်တလှည့် အလှည့်တစ်ခါ
အနာဂတ်ဟာ မှုန်ဝါးလာတယ်
ဘာကိုမှလည်းမဖြစ်ချင်တော့သလို
ဘာကိုမှလည်းမဖြစ်လာတဲ့အဆုံး
ဘဝဟာ သုံညနိဂုံးသက်သက်ပါပဲ....
အချစ်တဲ့လား
သေဆုံးသွားတာ ကြာပေါ့
ဘယ်ဘက်ရင်ဘတ်ထဲကအုတ်ဂူလေး
မူးလာတိုင်း ပြန်ပြန်ငေးရတယ်
တစစ်စစ်နာကျင်သည်အထိ.....
သစ္စာတရားတစ်ခုကိုဖျက်ပြီး
သိက္ခာတရားတစ်ခုကိုဝယ်ရတဲ့အခါ
အဆစ်ပါသွားတာက ဘဝတစ်ခုလုံးပါပဲ...
ကိုယ့်ခြေလှမ်းတွေပြန်ရေတွက်မိတိုင်း
ငါ့သမိုင်းက နိုင်းမရနိုင်အောင် ရိုင်းတယ်....
No comments:
Post a Comment
ကျွန်တော်သိသမျှလေးတွေ၊တွေ့ သမျှလေးတွေ၊တွေးမိသမျှလေးတွေကို မှတ်စုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်.......အကယ်၍ အမှားပါခဲ့လျှင် ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်.မိတ်ဆွေတို့ အလည်တစ်ခေါက်လောက်လာခဲ့ပါဦးနော်...